ပန်းတောင်း သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က "စာဖတ်ရှိန် မြှင့်တင်ရေး" ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ပူးပေါင်းကျင်းပဆောင်ရွက်သွားမည့် မြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်းစာသင်ကျောင်းများတွင် "စာဖတ်ရှိန်မြင့်တင်ရေး" စာပေဟောပြောမှု ပြုလုပ်သွားမည့်အစီအစဉ်ကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုအားပေးပြီး သုတ/ရသစာပေများ လက်ဆင့်ကမ်းမျှဝေစေလိုပါကြောင်း အကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြိုနယ်အတွင်းရှိ စာကြည့်တိုက်များရှင်သန်တိုးတက်စေရေးနှင့် ဖွံ့ဖြိုးနိုင်စေရန် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး "စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်" စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြခန်း၊ အားကစားပြိုင်ပွဲစသည့် ကဏ္ဍအလိုက်တာဝန်ခွဲခြင်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ်အား/ကာဦးစီးမှူး၊ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လပြည့်လင်း(ပြန်/ဆက်)