ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေဝင်ရောက်မှုကြောင့် ‌လူနေအိမ်အချို့ ရေဝင်နစ်မြုပ်

ကမမောင်း ဩဂုတ် ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်၍ အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များသို့ ဒုတိယအကြိမ်‌ရေကျော်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါရေလွှမ်းမိုးမှုကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသော အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ညနေအထိ အိမ်ထောင်စု (၈၉) စု၊ ကျား (၂၂၇) ဦး၊ မ (၂၀၂) ဦး စုစုပေါင်းလူဦးရေ (၄၂၉)ဦးအား တာဝန်ရှိသူများက ယာယီပြောင်းရွှေ့ပေးထားကြောင်း ကမမောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)