ဖြူး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ရည်ရွယ်၍ ယူရီးယား(Urea) ဓာတ်မြေဩဇာ နိုင်ငံတော်မှသတ်မှတ်ထားသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ပူးပေါင်းကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ကုန်ကျစရိတ် သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သစ်စိမ်းမြေသြဇာ၊ သဘာဝ မြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုပါကြောင်း ရှင်းလင်းပြောကြားပြီး ဖြူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်က သစ်စိမ်းမြေသြဇာ စိုက်ပျိုးနည်းစနစ်များနှင့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်လင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုး ညှိနှိုင်းကြီးကြပ်ရေးကော်မတီများ၊ ဌာနဆိုင်ရာများက ကျေးရွာအုပ်စု(၁၃) အုပ်စု၊ မိုးစပါး စိုက်ဧက (၁၉၁၄၉)ဧကအတွက် ယူရီးယား (Urea) ဓာတ်မြေဩဇာ (၆၅၃)အိတ်ကို နိုင်ငံတော်မှ သတ်မှတ်ထားသော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)