ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ (၃၀၄၀) ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာပင် (၃၀၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာပင် (၂၄၃၄) ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် ဇွန်လကစပြီး ကျွဲ၊ နွား တိရစ္ဆာန် အစာများဖြစ်သည့် နှံစားပြောင်း၊ နေဗီယာမြက်၊ ပဲသီးနှံများကို ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ (၃၀၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျွဲ၊ နွား တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးကို တစ်မြို့နယ်လုံး (၂၄၃၄) ဧက စိုက်ပျိုးသွားဖို့ လျားထားပါတယ်။ ဒီနေ့ထိ ကျွဲနွားတိရစ္ဆာန်အစာပင် (၃၀၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးသွားပြီ ဖြစ်ပါတယ်။ ဒေသခံ တောင်သူတွေကိုလည်း ကျွဲနွားတိစ္ဆာန်တွေအတွက် အစာရှားပါးမှု မဖြစ်စေဖို့နဲ့ ဝင်ငွေတိုးပွားရေးအတွက် မွေးမြူထားရှိတဲ့ ကျွဲ၊ နွား တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ဖို့ ကျွဲ၊ နွား တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အဆင်ပြေအောင် မျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်တွေနဲ့ ပိုးမွှားရောဂါ မကျရောက်စေဖို့ ကြိုတင်ကာကွယ်ရမည့်နည်းပညာတွေ အသိပညာပေးခြင်းစတဲ့ တောင်သူပညာပေးလုပ်ငန်းများကို  ကူညီဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ကျွဲ၊ နွား တိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် မိုးသီးနှံနှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ဖြင့် နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံ တောင်သူများ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် သဘာဝသွင်းအားစုပစ္စည်း ပြုလုပ်သုံးစွဲပုံနည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်း စသည့် တောင်သူများ သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )