ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲ ကျင်းပ

ညောင်လေးပင် ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်လေးပင်မြို့မှ ဦးခင်မောင်ဝင်းက "ညောင်လေးပင် (သို့) ပဋိစ္စသမုပ္ပါဒ်မြို့တော်" သီချင်း၊ ဦးလှမြင့် (လှမြင့်ဦး ညောင်လေးပင်)က "သနားချစ်ကလေး" စသည့်သီချင်းများဖြင့် ဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်

ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ အခြေခံပညာအဆင့် အသက် (၁၅) နှစ်မှ (၂၀) နှစ်ထိ ကျား/မ၊ ခေတ်ဟောင်းကာလပေါ်တေးများဖြင့် ယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက် (၁၀) နှစ်မှ (၁၅) နှစ်အတွင်းအမျိုးသား/အမျိုးသမီးအကပြိုင်ပွဲများကို မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ပါဝင် ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများကို ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်ဆုရ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တက်ရောက်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ် ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)