မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ရှိ Nine Color ရောင်စုံအမိုး သွပ်ပြား ထုတ်လုပ်ဖြန့်ဖြူးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မကွေး ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Nine Color Co., Ltd. ၏ ရောင်စုံအမိုးသွပ်ပြားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ Nine Color ရောင်စုံအမိုးသွပ်ပြား ထုတ်လုပ်ရေး လုပ်ငန်းသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ တာဝန်ခံ မန်နေဂျာ ဦးအောင်မြင့်မြတ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ပြောကြားကာ လိုအပ်သည်များ ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း ရောင်စုံအမိုး သွပ်ပြားထုတ်လုပ် ဖြန့်ဖြူးရောင်းချဆောင်ရွက်မှု အခြေအနေများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ ရောက်ရှိပြီး၊ ဌာနမှ အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်သည့် စီမံကိန်းတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု(Bakery & Snack)အခြေခံ နည်းပညာသင်တန်းတွင် ပြင်ပမှ ပညာရှင်ဖြင့် လက်တွေ့သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်မယ့် သင်တန်းမှာ ပါဝင်နေတဲ့ သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမဝါယမဦးစီးဌာန၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)သို့ ရောက်ရှိပြီး၊ သင်တန်း ကျောင်းဆောင်များအတွင်း သင်တန်းသား/သင်တန်းသူများအား သင်ကြား သင်ယူနေမှု အခြေအနေကို လှည့်လည်အားပေးကြည့်ရှု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ယနေ့ခေတ် စီးပွားရေး လုပ်ငန်းများတွင် စာရင်းကိုင်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာရပ်များကို တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြု ဆောင်ရွက်လာကြပြီး စာရင်းကိုင်ပညာရပ်များ တက်မြောက်ထားသူများသည် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများ တိုးတက်မြင့်မားလာပြီး အောင်မြင်မှုများ ရရှိနေသည်ကို တွေ့မြင်ရကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသည့် ပညာရပ်များအား သင်တန်းကာလအတွင်း သင်တန်းချိန်မှန်မှန် တက်ရောက်ကာ ဆရာ/ဆရာမ များ၏ သင်ကြားပြသမှုများအား ဂရုတစိုက် လေ့လာမှတ်သား ကြစေလိုကြောင်းနှင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ