ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဩဂုတ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်လေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းပိုင်း အချောသတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လေကြောင်းအကဲကြည့်အဆောက်အဦအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ပြင်ဆင်နေမှုများကိုကြည်ရှုစစ်ဆေးခဲ့ပြီး လေဆိပ်ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး၊ လေယာဉ်ပြေးလမ်းတစ်လျှောက် ဝဲ၊ ယာအချက်ပြမီးများ ကောင်းမွန်စေရေးနှင့် လေယာဉ်ကွင်းဧရိယာအတွင်း ခြုံနွယ်များ ရှင်းလင်းရေးတို့အတွက် မှာကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်သို့သွားရောက်၍ မော်တော်ယာဉ်လိုင်းများ လွိုင်ကော် - ဆီဆိုင်- တောင်ကြီးခရီးစဉ် ပြေးဆွဲနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်နှုန်းထားကျော်လွန်ကောက်ခံမှုမရှိစေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းကုသိုလ်ပြုဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးအကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အဦများအား ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ဝန်ထမ်းများ ပြန်လည်နေရာချထားနိုင်ရေးအတွက် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုများ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းသို့ သွားရောက်၍ အားကစားကွင်း၊ ပွဲကြည့်စင်နှင့် မီတာ(၄၀၀) Synthetic ပြေးလမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ရန်ရှိသည်များကို အမြန်ပြင်ဆင်ဆောင်ရွက်ရန်နှင့် အားကစားပွဲများ ပြန်လည်ကျင်းပနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)