ပခုက္ကူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ စာကြည့်တိုက်တစ်တိုက်၏ အင်္ဂါရပ်များ၊ စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများ၊ စာအုပ်စာပေများ စနစ်တကျစုဆောင်း ထိန်းသိမ်းရေးနည်းလမ်းများ၊ စာကြည့်တိုက်တာဝန်ခံများ၏ တာဝန်ဝတ္တရားများ၊ မိဘဆရာအသင်း၏ တာဝန်ဝတ္တရားများအကြောင်း ရှင်းလင်းဆွေးနွေးရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသနှင့် ရည်ညွှန်း စာအုပ်စာပေအမျိုးအစားများအလိုက် စာရင်းရေးသွင်းပုံလုပ်ငန်းအဆင့်ဆင့်များ၊ စနစ်တကျထားသိုမှုပုံစံနှင့် စာဖတ်၊ စားငှားလုပ်ငန်း ဆောင်ရွက်နည်းများကို ရှင်းလင်းပြသကြရာ ဆရာ၊ ဆရာမများက လက်တွေ့ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)