ပဲခူး ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးသင့်စခန်းများသို့ သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား အားပေးထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးတို့နှင့်အတူ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းရှေ့ရှိ ဟံသာဝတီ ရှေးဟောင်းကျုံး ရေထွက်ပေါက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထွက်ပေါက်အတွင်း အမှိုက်နှင့် ဗေဒါပင်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ကျုံးရေကျော်ပေါက်အား သံဇကာများဖြင့် ကာရံထားရန်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ မြို့မဈေးကြီး အတွင်း ရေကျော်ဝင်ရောက်ခဲ့သည့်နေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေတံခါးပေါက်များ နေရာ ပြောင်းရွေ့တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ကားလမ်းရေကျော်နေသည့် ခေါင်းဆေးကျွန်းနေရာနှင့် မဟာမြိုင်လမ်းနေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ဘိုကုန်းရပ်ကွက်ရှိ ဓမ္မာလင်္ကာရဘုန်းတော်ကြီးကျောင်းနှင့် ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသုံးကုန်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၏ လူတစ်ဦးချင်းစီအတွက် ဆန်ရိက္ခာ ဘိုး(၁)လစာ ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ကြီးရွယ်အိုများ၊ ပရဟိတအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပုဏ္ဏားစုရပ်ကွက်၌ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်စိုးစိုးသက်နှင့်အဖွဲ့ဝင်များမှ ရပ်ကွက်နေပြည်သူများအား ပဲကုလားဟင်းနှင့် ဘဲဥဟင်း ဖြန့်ဝေပေးနေမှုအားသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်းရှိ ကလေးငယ်များအတွက် အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)