ပွင့်ဖြူ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၆၀ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်တွင် ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ လျှော်ဖြူ ၂၆၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျှော်ဖြူက ဈေးကွက်ရှိတော့ တောင်သူတွေက နှစ်တိုင်း မိုးရာသီမှာ အားထားစိုက်ပျိုးကြတယ်။ နောက်ပြီး လျှော်ဖြူ စိုက်ပျိုးရေးလုပ်ငန်းက မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေငတ်ဒဏ်လည်း ခံနိုင်တော့ စိုက်ပျိုးလို့ အဆင်ပြေတယ်။ လျှော်ဖြူစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်ဖြစ်ထွန်းပြီး ဓာတုကင်းစင်တဲ့ လျှော်ဖြူ အရည်အသွေး ကောင်းများ ရရှိစေရန်အတွက် တောင်သူတွေကို GAP စိုက်နည်းစနစ်နဲ့ ပြုစု ထိန်းသိမ်းနည်းပညာများကို အသိပညာပေးထားပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ကိုလည်း ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သည့် လျှော်ဖြူစိုက်ပျိုးရေး လုပ်ငန်းအား စိုက်ပျိုးစရိတ် အရင်းအနှီး အကုန်အကျ သက်သာပြီး ဈေးကောင်းရရှိ၍ နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခင်နှစ် မိုးရာသီကလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လျှော်ဖြူ ၂၆၀ ဧကကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)