ပန်းတနော် သြဂုတ် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းက မအူပင်ခရိုင် ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပြည်လုံးချမ်း သာ သာသနာ့ဗိမာန် ရေဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ဦးတင်မောင်ဝင်းတို့မှ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ပြည်သူများအား ဆန်ရိက္ခာဖိုး ရန်ပုံငွေနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ထိခိုက် လွယ်ကျေးရွာအုပ်စုများရှိ အသက် (၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅)ဦး၊ ကိုယ်ဝန်ဆောင် (၅)ဦး၊ မသန်စွမ်း (၆)ဦး၊ အသက် (၃)နှစ်အောက် ကလေးငယ် (၂၂)ဦး စုစုပေါင်း (၃၈)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)