ကဝ ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ကဝ)မှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကဝ)မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (Grade-12) မှ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်များ စုစုပေါင်း (၁၁)ဦးကိုလည်းကောင်း၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၈)ဦး စုစုပေါင်း (၁၉)ဦးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)