တောင်ငူ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၌ တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက “မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်မှာ လူသားများခံစားနေရသော ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါတားဆီးရန်၊ ဘေးဒုက္ခ ကျရောက်လွယ်သူများကို ကူညီရန် အစရှိသည့် လုပ်ငန်းသုံးရပ်ချမှတ်ထားပြီး ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ကျန်းမာရေး အသိပညာပေးဆိုင်ရာ လုပ်ငန်းများ၊ အသင်းဖွံ့ဖြိုးတက်ရေးလုပ်ငန်းများ၊ နေရပ်စွန့်ခွာသူများအား ကူညီထောက်ပံ့ရေးနှင့် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းများ အစရှိသည့် လုပ်ငန်းများကို ပြည်သူလူထုအတွက် ကူညီပေးလျက်ရှိကြောင်း” အမှာစကား ပြောကြားသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တောင်ငူခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးမြင့်က အမှာစကား ပြောကြားကာ သင်တန်းအား စတင်ဖွင့်လှစ်သည်။
အဆိုပါသင်တန်းကို သြဂုတ် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကို ပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့်တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်းတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၇၉)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)