မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအရ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အွန်လိုင်းဖြင့် တက်ရောက်၍ ဂျင်းခရုမွေးမြူရေးသည် တနင်္သာရီတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တိုင်းဒေသကြီး အတွင်း ဂျင်းခရုမွေးမြူရေးလုပ်ငန်းကို ဧကပေါင်း (၉၀၀၀) ကျော် မွေးမြူဆောင်ရွက်လျက်ရှိကြကာ ဒေသခံရေလုပ်သားများ အကျိုးဖြစ်စေသည့် လုပ်ငန်းဖြစ်ကြောင်း၊ ဂျင်းခရုမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် သားပေါက်လိုအပ်ချက်နှင့် စနစ်တကျမွေးမြူခြင်း လိုအပ်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲတွင် အဖြေရှာ၍ မူဝါဒများချမှတ်နိုင်သည်အထိ ဆွေးနွေးဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလွမ်းမိုးဇော်က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဂျင်းခရုသုတေသနလုပ်ငန်းဆောင်ရွက်မှုနှင့် သုတေသနရလာဒ်များဆွေးနွေးပြောကြား၍ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီအောင်က ဂျင်းခရုသား ဖောက်ခြင်းအတွက် အသုံးပြုသည့် နည်းစနစ်များနှင့် ရလဒ်များကို ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် ဒေသခံများကိုယ်တိုင် စီမံခန့်ခွဲသော ဧရိယာထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဂျင်းခရုသားပေါက်ကုန်းများအား ဒေသခံများ ကိုယ်တိုင်စီမံခန့်ခွဲသော ဧရိယာအဖြစ်ဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းများ၊ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးကို အဖွဲ့ဖွဲ့၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို အဖွဲ့အလိုက်ပြန်လည်ဆွေးနွေးခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးလွမ်းမိုးဇော်က နိဂုံးချုပ်အမှာစကား ပြာကြားသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဂျင်းခရုမွေးမြူရေးလုပ်ငန်းရှင်များ၊ ဒေသခံ ဂျင်းခရုမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများ တက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲကို နံနက်(၉)နာရီမှ ညနေ(၆)နာရီအထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)