ပေါက်ခေါင်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် မိုးကြိုပဲတီစိမ်းသီးနှံများ မိုးဦးမိုးရွာသွန်းသည့်အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မိုးကြိုပဲတီစိမ်းသီးနှံကို မေလ ပထမပတ် ကစပြီး စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ၃ လသားခန့်ရှိပြီး ဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပဲတီစိမ်း စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဒေသခံတောင်သူများသည် ဈေးကွက်ကောင်းသည့် ပဲတီစိမ်းသီးနှံအား မိုးကြိုကာလတွင် အားထားစိုက်ပျိုးကြလေ့ရှိပြီး၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်။ ယခုနှစ် စိုက်ပျိုးသည့် မိုးကြိုပဲတီ စိမ်းစိုက်ခင်းများမှာ မိုးရေဖူလုံစွာ ရရှိခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးကြိုပဲတီစိမ်း သီးနှံ (၁၁၃၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)