ကျိုက်လတ် ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း အကြံပေးဆရာ ဦးစိန်ဝှီးက နှစ်သိမ့်အား ပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ တပေတမော့ကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာအုပ်စုနှင့် ကျုံမငေးအစုကြီးကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)