စလင်း သြဂုတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ပေါင်းနားရပ်ကွက် တောင်သီတပ် အခြေခံပညာမူလတန်းကျောင်း၌ ရက်သတ္တပတ်အကြို ကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု မူလတန်းအဆင့် အစာအုပ်စု (၃)မျိုး ဆေးရောင်ချယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ ၃၀အချိန်က အဆိုပါ ကျောင်းရှိစာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးအရာရှိ ဦးမင်းမင်းထွန်းနှင့် ကျန်းမာရေးဆရာ၊ဆရာမများ၊အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးနှင့်ဆရာ ဆရာမများကျောင်းသားကျောင်းသူ ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြို ကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု မူလတန်းအဆင့် အစာအုပ်စု(၃)မျိုး ဆေးရောင်ချယ်ပန်ချီပြိုင်ပွဲအား ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အမျိုး သမီးရေးရာအသင်းအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်တွင် ကျောင်းသားကျောင်းသူကလေးငယ်များ၏ ကျန်းမာရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းမှုများ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး အစာအုပ်စု (၃) မျိုးဖြစ်သည့် ရောဂါကာကွယ်စေသော အစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စု၊ အင်အားကိုယ်ဖြစ်စေသော အစာအုပ်စုပါဝင်သော အစားအသောက်၊ အသီးအနှံနှင့် အသားငါးများ၏ ရုပ်ပုံတူများကို အမျိုးအမည် အရောင်မှန်ကန်စွာ ရေးဆွဲကြရန် မှာကြားပြီး ဆေးရောင်ချယ်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပထမဆု မရွှန်းရတီ၊ ဒုတိယဆု မစံရတီထက်၊ တတိယဆုမဇူးသဥ္ဇာအောင်၊ နှစ်သိမ့်ဆုများကို မမေချစ်ဖူးဇော်နှင့် မောင်ခန့်ကိုကိုအောင်တို့မှ ရရှိခဲ့ကာ ထိုဆုများအား တာဝန်ရှိသူအသီးသီးက ပေးအပ်ကြကြောင်း သိရသည်။
(မောင်လွင်)