တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တွေ့ဆုံ

ပုသိမ် ဩဂုတ် ၃

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တွေ့ဆုံပွဲကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားဟောင်းများက အားကစားနည်းအလိုက် တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ အသီးသီးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့်တွေ့ဆုံ၍ အကြံပြုချက်များရယူကာ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ ကြိုတင်ပြင်ဆင် စုဖွဲ့လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် လူစွမ်းအားအရင်းအမြစ်များကိုအခြေခံပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အားကစား သမားများ ရွေးထုတ်ရန် အခွင့်အရေးများ ရှိနေပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ဖြစ်ပေါ်လာစေရန်အတွက်လည်း အားကစားရုံ၊ အားကစားကွင်းများကို အဆင့် မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏အား ကစားကဏ္ဍတိုးတက်မြင့်မားစေရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက်  မြန်မာ့လက်ရွေးစင်အားကစားဟောင်းများက မိမိတို့ဆုတံဆိပ်ရသည့် အားကစားနည်းများအလိုက် အကြံပြုဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသက်(၆၀) နှစ်အထက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း နှစ်ဦးအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိမှုများနှင့် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားမှူးများက အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် ကြိုတင် ပြင်ဆောင်ရွက်ထားရှိမှုများ အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)