ငဖဲ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းနေသည့်အတွက် မန်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်အိမ်ထောင်စုဝင်များ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် အစားအသောက်နှင့် ရေသန့်ဘူးများကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ဓါတ်တော်ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရေဘေးသင့်အိမ်ထောင်စုဝင်များ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆောင်ရွက်ပေးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ ငဖဲမြို့ မြို့မရပ်ကွက် မန်းချောင်းနံဘေးမှ ရေဘေးသင့်အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၀၃) ဦးတို့အတွက် ထမင်း၊ ဟင်းများနှင့် သောက်သုံးရေသန့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ပင်မရေပိုလွှဲမှ ဩဂုတ်လ (၁) ရက်နေ့က (၅.၃) ပေအမြင့်အဖြစ် ရေကျော်ခဲ့သဖြင့် ငဖဲမန်းချောင်းအတွင်း ရေဝင်ရောက်ပြီး ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာ မြို့မရပ်ကွက် မန်းချောင်းနံဘေးတွင် နေထိုင်သည့် အိမ်ထောင်စုများအတွင်း ရေဝင်ရောက်ခဲ့၍ ဘေးလွတ်ရာဖြစ်သည့် ဓါတ်တော်ဘုရားဓမ္မာရုံ၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းနှင့် ကောင်းကျော်ခန်းမတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)