စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)တက်ရောက်

မုံရွာ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း အမှန်တကယ်စိုက်ပျိုးမှု၊ ထုတ်လုပ်မှုလုပ်ငန်းများအား တာဝန်ယူတာဝန်ခံပြီး ဌာနတစ်ခုချင်းစီမှသည် အစုအဖွဲ့အလိုက် တွန်းတွန်းတိုက်တိုက် ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးမြင့်မှုများဖြစ်ပွားခဲ့ရာ တိုင်း/ခရိုင်/မြို့နယ် သဘာဝဘေးကယ်ဆယ်ရေး ကြီးကြပ်မှုကော်မတီများမှ ပြည်သူလူထုနှင့်ပူးပေါင်းပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပူးပေါင်းဆောင်ရွက်ပေးကြတာကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သဖြင့် စိုက်ပျိုးထားသည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး ဌာနဆိုင်ရာအဆောက်အဦများ၊ အထောက်အကူပြုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးတို့အား အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအားလုံးအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ရည်မှန်းချက်များအား မိမိဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိစေရေးအတွက် ဌာနရှိဝန်ထမ်းများအား စည်းရုံးပူးပေါင်းခေါ်ဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံပေါများရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာအားလုံးနှင့် ခရိုင်/မြို့နယ်အားလုံးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအားအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်အောင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၄/၂၀၂၄) အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးဆိုင်ရာများ၊ ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့် စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)