မကွေးတိုင်းဒေသကြီးဝန်ကြီး ဦးတင့်လွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး)၏ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီမှ မျိုးသစ်အဖြစ် ထုတ်ဝေခွင့်ပြုခဲ့သည့် နှမ်းမျိုးများအား ကွင်းသရုပ်ပြပွဲ အခမ်းနားသို့ တက်ရောက်

မကွေး သြဂုတ် ၃

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး)၏ မျိုးစေ့ဆိုင်ရာ အမျိုး သားကော်မတီမှ မျိုးသစ်အဖြစ် ထုတ်ဝေခွင့်ပြုခဲ့သည့် နှမ်းမျိုးများအား ကွင်းသရုပ်ပြပွဲ အခမ်း နားကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ဒေသသုတေသနဗဟိုဌာန(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ကြပ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အသီးသီးမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မကွေး)တွင် သုတေသနအဆင့်ဆင့် ဆောင်ရွက်ခဲ့သော နှမ်းနက်မျိုးများ ဖြစ်သည့် မကွေး နှမ်းနက်-၅/၂၃၊ မကွေးနှမ်းနက်-၆/၂၃၊ မကွေးနှမ်းနက်-၁၁/၂၃မျိုးနှင့် နှမ်းဖြူမျိုးများ ဖြစ်သော မကွေး နှမ်းဖြူ -၇/၂၃၊ မကွေးနှမ်းဖြူ-၈/၂၃မျိုးတို့ကို ၂၀၂၃-၂ဝ၂၄ခုနှစ်၌ မျိုးသစ် အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး၊ အဆိုပါ နှမ်းမျိုးများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ ဆောင်ရွက်ထားသည့် စိုက်ခင်းအား တောင်သူများနှင့်အတူ လှည့်လည် ကြည့်ရှုကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းစေပြီး တောင်သူလယ်သမားများ၏ လယ်ယာ လုပ်ငန်းဝင်ငွေများ မြင့်မားလာစေရန်အတွက် ရေမြေအခြေအနေနှင့် ကိုက်ညီသော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသော သီးနှံမျိုးသစ်များနှင့် စပ်မျိုးများ မွေးမြူ ထုတ်လုပ်ရန်နှင့် မျိုးသန့်မျိုးစေ့များဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရေး၊ ရာသီဥတု ပြောင်းလဲမှုအပေါ် လိုက်လျှောညီထွေရှိစေမည့် သီးနှံမျိုးများ စိုက်ပျိုး ထုတ်လုပ်ရေးနှင့် စိုက်ပျိုးနည်း စနစ်များ၊ မြေနှင့်ရေအား အကျိုးရှိစွာ အသုံးချစေနိုင်မည့် သီးလှည့် စနစ်များ၊ သီးညှပ်စနစ်များ၊ သီးရောစနစ်များ၊ သီးနှံသစ်တောရောနှော စိုက်ခင်းနှင့် သီးနှံပုံစံများ သုတေသနပြု ဆောင်ရွက်သွားရေးနှင့် သီးနှံမျိုးသစ်များကို မွေးမြူထုတ်လုပ် ရွေးချယ်ရာတွင် စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်သွားစေရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားကာ၊ ဒေသသုတေသနဗဟိုဌာန(မကွေး) အစည်းအဝေးခန်းမ၌ တက်ရောက်လာသော တောင်သူများနှင့် တွေဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းစေပြီး တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းဝင်ငွေများ မြင့်မားလာစေရန်အတွက် မူဝါဒများကို ချမှတ်ထားရှိကြောင်း၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ အညီ ဒေသသုတေသနဗဟိုဌာန(မကွေး) ဟာဆိုရင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းသီးနှံ မျိုးသစ်များ ရရှိရန် သုတေသနများဖြစ်တဲ့ မျိုးကူးစပ်ခြင်း၊ သားဆက်အဆင့်ဆင့် ရွေးချယ်ခြင်း၊ ရရှိလာတဲ့ သားဆက်လိုင်းတွေကို မျိုးအထွက်ယှဉ်ပြိုင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပြီး မူလရှိပြီးသော မျိုးတွေထက် သာလွန်ကောင်းမွန်တဲ့ မျိုးများရရှိဖို့အတွက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အထွက်ကောင်းတဲ့မျိုး၊ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီတဲ့မျိုး၊ သက်လျင်ပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့မျိုး၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရရှိဖို့အတွက် နှစ်စဉ် သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီလိုရရှိလာတဲ့ မျိုးတွေကိုလည်း တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီး လက်ခံစိုက်ပျိုးဖို့အတွက် လက်တွေ့ ကွင်းထဲမှာ စိုက်ပျိုးပြသပြီး မျိုးတွေရဲ့ အရည်အချင်းလက္ခဏာတွေကို မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ပြီး လက်ခံစိုက်ပျိုးနိုင်ဖို့အတွက် ဒီနေ့လို ကွင်းသရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူတွေအနေနဲ့ သေသေချာချာကြည့်ရှုပြီး မျိုးအသစ်တွေ၊ မျိုးသန့်တွေကို လက်ခံစိုက်ပျိုးဖို့လည်း တိုက်တွန်းလိုကြောင်း၊  ဒါမှသာလျှင် နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ၊ ဦးတည်ချက်တွေနဲ့အညီ ဆီထွက်သီးနှံတွေကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ပြီးတော့ တောင်သူတွေရဲ့ဝင်ငွေတွေ တိုးတက်လာကာ တိုင်းပြည်စားသုံးဆီ ဖူလုံရေးအတွက်လည်း အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးဟာ ဆီအိုးကြီးဆိုတဲ့ တင်စားခံရမှုနဲ့ အညီ စိုက်ပျိုးထုတ်လုပ်ကြဖို့ မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် တောင်သူများမှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များနှင့် စပ်လျဉ်း၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ