တောင်ငူ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိကာ မြို့နယ်အတွင်းရှိ သောက်ရေခပ်ချောင်းရေမြင့်တက်မှုကြောင့် ဒိုးသောင်ကျေးရွာအုပ်စု၊ ပြုံးချောင်းကျေးရွာနှင့် ရှမ်းဝါးတီးကျေးရွာတို့မှ အနိမ့်ပိုင်းရှိနေအိမ်အချို့၌ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်တွင် ရေလွှမ်းမှုဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ဒိုးသောင်အုပ်စု၊ ပေါင်းလောင်းတိန်ကျေးရွာ အနိမ့်ပိုင်းရှိ နေအိမ်အချို့တွင်လည်း ရေလွှမ်းမှုဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိရာ၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ပြုံးချောင်းကျေးရွာ အိမ်ထောင်စု(၁၅)စု လူဦးရေ(၆၂)ဦးအား မြတ်စောညီနောင်ဘုရား၊ ညီတော်စေတီဘုရားစောင်းတန်း၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းတိန်ကျေးရွာ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးအား မူလတောရ မရမ်းမြောင်ဘုန်းကြီးကျောင်း၊ ရှမ်းဝါးတီးကျေးရွာ၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၀)ဦးအား ရွှေတံတားကျေးရွာ ဖောင်တော်စိုက်ဘုန်းကြီးကျောင်း၊ စုစုပေါင်း အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၉၄)ဦးတို့အား ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ပြောင်းရွှေ့ထားကြောင်းနှင့် အဆိုပါရေဘေးသင့်အိမ်ထောင်စုများအား အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများ၊ ရပ်ရွာနေပြည်သူများမှ ဝိုင်းဝန်းပြောင်းရွှေ့ပေးခြင်း၊ နေထိုင်စားသောက်မှုအဆင်ပြေရေးကိစ္စများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)