မင်းဘူး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများ အဆက်မပြတ် ရွာသွန်းပြီး မန်းချောင်းရေဝင်ရောက်မှုများကြောင့် မန်းချောင်းအောက်ပိုင်းရှိ မြေနိမ့်ပိုင်း စကုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဩဂုတ်လ ၂ ရက်နေ့က မန်းချောင်း ရေကြီးမှုဖြစ်ပွားကာ လူဦးရေပေါင်း ၁၁၀၀ ကျော် ရေဘေးသင့်ပြီး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ ချောင်းရေများ စီးဆင်းကာ ရွှေစက်တော်မန်းချောင်းမှတစ်ဆင့် မြေနိမ့်ပိုင်းဒေသများတွင် မန်းချောင်းရေများ စီးဆင် ဝင်ရောက်လျက်ရှိကြောင်း၊ မန်းချောင်းရေ ဝင်ရောက်မှုများကြောင့် မန်းချောင်းအောက်ပိုင်းရှိ မြေနိမ့်ပိုင်းဒေသများဖြစ်သော ပင်လယ်သက်ကျေးရွာ၊ စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မန်းကျင်းရပ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဖောင်တန်းရပ်နှင့် ဘုရားလှရပ်၊ ကျွဲတဲကျေးရွာ၊ ညောင်ကိုင်းကျေးရွာနှင့် ဥယျာဉ်ဇင်ကျေးရွာတို့မှ အိမ်ထောင်စု ပေါင်း ၃၂၀ ၊ လူဦးရေပေါင်း ၁၁၉၄ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန် များကို အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များက ရေဘေးလွတ်ရာနေရာများသို့ ယာယီကြိုတင်ပြောင်းရွှေ့ပေးထားကြောင်း၊ အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
ထို့အပြင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ၌ ဩဂုတ်လ ၃ ရက်၊ ယနေ့ နံနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၄ ဒသမ ၈ ပေ ရေကျော်လျက်ရှိပြီး အဆိုပါ မန်းချောင်းရေများသည် တဖြေးဖြေးလျော့နည်းလာပြီး မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ တစ်ပေခွဲခန့်သာ ဆက်လက်ဖြတ်ကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုရေကြီးမှုသည် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ဒေသများတွင် ယခုရက်ပိုင်း နေ့စဉ် မိုးများ အဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ စီးဆင်း၍ ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းတို့မှ ပူးပေါင်းစီးဆင်းလာသော မန်းချောင်းရေများသည် ရွှေစက်တော် မန်းချောင်းမှတစ်ဆင့် စကုမြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းကျေးရွာများတွင်းသို့ မန်းချောင်းရေများ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)