ကျွန်းလှ၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော

ကျွန်းလှ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီမြင့်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက အလုပ်ခန့်မည့် ကလေးများ အသက်ပြည့်စေရေး၊ ကလေးငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်ပေးရေး၊ အန္တရယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများ အလုပ်မလုပ်ရေး၊ အလုပ်လုပ်သော ကလေးများ ပညာရေးနှင့် အသက် မွေးဝမ်းကျောင်းပညာသင်ယူရေးနှင့် ကလေးအလုပ်သမား ဥပဒေများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ် စာစောင်နှင့် ဓါတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ