ကျွန်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ကျွန်းလှ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူတို့က ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦးအား တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ်ဦးစီးမှူးရုံး၊ ဦစီးမှူး ဦးဖြိုးလျံမြတ်က နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင်ရာတွင် လိုက်နာမည့်စည်းမျဉ်း စည်းကမ်းများအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)