မိုးညို သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာနေပြည်သူများ သန့်ရှင်းသောရေကို အသုံးပြုနိုင်စေရေးအတွက် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့ကတာဝန်ရှိသူများ ပူးပေါင်း၍ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်၍ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နစ်မြုပ်ခဲ့ပြီး ယခုအခါတွင် ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိပြည်သူများ သန့်ရှင်းသည့် သောက်ရေ၊ သုံးရေများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် ရေတွင်း၊ လက်နှိပ်ရေတုံကင်၊ စဉ့်အိုး၊ ကျောက်စည်ပိုင်းနှင့် ရေကန်များအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်း၊ သက်ဆိုင်ရာကျေးရွာကျန်းမာရေးဌာနများမှ တာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလိုရင်းဆေးခတ်ရန်ကျန်ရှိသည့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)