မိုးညို ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၁ နာရီက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ရောက်ရှိပြီး ဘုရားငူအုပ်စု၊ လဖျော်ပင်ကျေးရွာအနီး မိုးညို- မင်းလှ ကားလမ်းဘေး (ဆပုဂံကျေးရွာမှ ပေါက်ကုန်းကျေးရွာအထိ အရှည်(၅)မိုင်ရှိ ) ဆပုဂံ ရေကာတာဘေးတွင် မြစ်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုခဲ့ပြီး မြစ်ရေဝင်ရောက်မှုနှင့် တာများခိုင်ခန့်အောင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုနှင့် ကျေးရွာနေပြည်သူများ ရေဘေးသင့်မှုအခြေအနေ၊ ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိမှုအခြေနေ၊ လက်ရှိမြစ်ရေအခြေအနေတို့ကိုမေးမြန်း၍ ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)