ဒေးဒရဲမြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ဒေးဒရဲ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ဦးမှ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက်  ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများအားလိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သော ပြည်သူများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း