(၂၅) ကြိမ်မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

​ရွှေဘို သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်အဆင့် (၂၅) ကြိမ်မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ခရိုင်အဆင့်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ အနုပါရှင်၊ ဝါသနာရှင်၊ ပညာရှင်ပါများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်အဆင့်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးဦးက (၂၅) ကြိမ်မြောက် ​ငွေရတုအထိမိးအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခရိုင်ပြိုင်ပွဲများတွင် အဆင့်မြင့်ပညာ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများနှင့် အခြေခံပညာအဆင့်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးမှလည်း ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ခရိုင်/မြို့နယ်များအတွင်းရှိ ရွက်ပုန်းသီးအနုပညာရှင် များအား ရွေးချယ်ဖော်ထုတ်၍ ပြိုင်ပွဲဝင်ဘာသာရပ်အသီးသီးတွင် ပြည့်စုံစွာဖြင့် ဝင်ရောက်ယှဉ် ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်ကိုယ်စားပြုအဆင့်မှသည် တိုင်းဒေသကြီးကိုယ်စားပြုအထိ အရည်အချင်းပြည့်ဝသည့် အနုပညာရှင်များအား ဗဟိုအဆင့်သို့ ရွေးချယ်စေလွှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ယခင်နှစ်ပြိုင်ပွဲအတွေ့ အကြုံကောင်းများအား သင်ခန်းစာယူပြီး၊ ပြိုင်ပွဲမှသတ်မှတ်ပေးထားသည့် ညွှန်ကြားချက်များနှင့်အညီ ယှဉ်ပြိုင်သွားကြရန်နှင့် ​ကော်မတီအဖွဲ့ဝင်များမှလည်း အကြံပြု ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်အဆင့်ကျင်းပရေးဦးစီးကော်မတီ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များက ယခင်နှစ်​ဆောင်ရွက်ခဲ့သည့်အစီအစဥ်များ ယခုနှစ် ပြိုင်ပွဲများအောင်မြင်စွာကျင်းပသွားမည့် အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ခရိုင်အဆင့်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)