သဲကုန်းမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ခင်း (၁၇၅၁)ဧက ရေနစ်မြုပ်

သဲကုန်း ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ မိုးစပါးစိုက်ခင်း(၁၇၅၁) ဧကရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဆိုးထုပ်မြောင်းမှရေများဝင်ရောက်မှု၊ ချောင်းရေမြင့်တက်ပြီးရေလျှံမှုများကြောင့် ဇူလိုင်လ ၃၀ ရက်နေ့မှစ၍  ဩဂုတ် ၁ ရက်နေ့ထိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကွင်းပေါင်း(၁၁)ကွင်း၊ ဦးပိုင်ပေါင်း(၃၁၆)ခု၊ တောင်သူ(၄၀၀)ဦး၏ မိုးစပါး စိုက်ဧကပေါင်း(၁၇၅၁)ဧကထိ ရေလွှမ်းမိုးလျက်ရှိပြီး ၎င်းဧရိယာများအနက်မှ (၈၉၂) ဧကမှာ ရေပြန်ပေါ်ပြီး (၈၅၉)ဧကမှာ ရေလွှမ်းမိုးနစ်မြုပ်လျက်ရှိရာ (၇၅၅)ဧကမှာ ထိခိုက်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက စုစုပေါင်း(၈၂၆၁၀)ဧကစိုက်ပျိုးရန်လျာထားပြီး စပါးစိုက်ဧကများ ရေနစ်မြုပ်ခဲ့သဖြင့် ရေကြီးနစ်မြုပ်ပြီး ပျက်စီးမှုအခြေအနေများအား မြို့နယ်စိုက်/ကြပ်အဖွဲ့မှတာဝန်ရှိသူများက  လိုက်လံကြည့်ရှုစစ်​ဆေးပြီး ရေများပြန်လည်ကျဆင်းသွားပါက ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် မိုးစပါးများအား အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် စီစဥ်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)