ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး သြဂုတ် ၂

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့ ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူငယ်လူရွယ်များအပါအဝင် မိမိတို့နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း စာပေဖတ်ရှုသည့်အလေ့အထ လျော့နည်းကျဆင်း လာသည့်အပေါ် ကုစားရန်၊ စာဖတ်သည့်လူမျိုး၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး မှားမှန်ကောင်းဆိုး ဝေဖန်ပိုင်းခြားတတ်သည့် လူမျိုးဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သည့်သူမှာ ရပ်နေသည့် လူနှင့် တူကာ စာတတ်ပြီး စာလည်းဖတ်သည့်သူမှာ လမ်းလျှောက်နေသည့်သူနှင့်တူသဖြင့် စာပေလေ့လာဖတ်ရှုရေး တိုက်တွန်းကြရန်၊ ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန် ၊ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ၊ အသိပညာမြင့်မားအောင် လုပ်ဆောင် ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးကို လုပ်ကြရန် ၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး နိုးဆော်တိုက်တွန်းခြင်း ၊ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် စာတတ်ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ် ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လမ်းညွှန်ချက်ကို အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံသူနိုင်ငံသားတိုင်း ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကိုမွေးမြူ၍ မိမိတို့ဘဝတိုးတက်အောင် ထူထောင်ကြရမည်ဖြစ်ပြီး စာပေဖတ်ရှုလေ့လာ၍ အသိပညာမြင့်မားအောင် ကြိုးစားကာ လူရည်ချွန် လူရည်မွန်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပေးသော ဟားခါးတက္ကသိုလ် မြန်မာစာဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာမျိုးမင်းထွန်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သမိုင်းရှုထောင့်မှ ဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပေးသော ဟားခါးတက္ကသိုလ် သမိုင်းဌာနပါမောက္ခ/ ဌာနမှူး ဒေါက်တာနန်းလှိုင်အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်က လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်က လည်းကောင်း ဂုဏ်ပြု လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ၊ Grade-5 မှ မောင်ရဲမင်းဟိန်းက ပြန်လည်တင်ဆက် သည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်များနှင့် ဇွန်လ ၂၃ ရက်နေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲမှ ဆုရစာမူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )