ကျုံပျော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်

ကျုံပျော် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၁၇၁ လုံးနှင့် တောင်သူများ၏ သီးနှံစိုက်ဧက ၃၀၀၀၀ ကျော် ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ဒါးကချောင်း‌ရေ မြင့်တက်လာမှုကြောင့်  ပင်လုံရပ်ကွက်မှ လူနေအိမ် ၇၆ လုံး၊ အင်းရဲကျွန်းအုပ်စုရှိ ကျွန်းအင်းရွာမှ နေအိမ် ၄၉ လုံး၊  အုန်းတောစုရွာမှ နေအိမ်  ၂ လုံးနှင့် စာဖြူစုကျေးရွာမှ နေအိမ် ၄၂ လုံး ၊ အိုင်ဒေါင့်ရွာမှ ၁ လုံးနှင့် သင်္ဃန်းချောင်းရွာမှ ၁ လုံး စုစု‌ပေါင်း ‌လူ‌နေအိမ် ၁၇၁ လုံး တို့တွင် နေထိုင်သော ပြည်သူ ၆၇၄  ဦးတို့မှာ နေအိမ်အတွင်း ရေများ ဝင်ရောက်လျှက်ရှိသောကြောင့် မြတ်ချမ်းသာ ဘုရားဓမ္မာရုံနှင့် ရေဘေးလွတ်ရာ နေရာများတွင် သွားရောက် နေထိုင်လျှက်ရှိပြီး၊ ဩဂုတ်လ ၂ ရက်နေ့အထိ စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

ယခုရက်များအတွင်း မိုးရွာသွန်းမှုများပြီး ဒါးကချောင်းရေ ဝင်‌ရောက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့အထိ တောင်သူပေါင်း ၆၆၂၂ ဦးတို့၏ မိုးစပါးစိုက်ဧက ၃၁၅၉၈ ဧက၊ ပီလောပီနံစိုက်ခင်း ၇၂၂ ဧက၊ ငှက်‌ပျော စိုက်ခင်း ၉၆ ဧက၊ နနွင်းစိုက်ခင်း ၃၅ ဧက၊ စားကြံစိုက်ခင်း ၂၆ ဧက၊  ပြောင်းဖူးစိုက်ခင်း ၂ ဧကနှင့် ပိန်းဥ စိုက်ခင်း ၁ ဧကတို့ ရေဝင်နစ်မြုပ်လျက်ရှိပြီး၊ စုစုပေါင်း ၃၂၄၈၀ ဧက ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)