သရက်ချောင်းမြို့နယ်၌ (ဒုတိယအကြိမ်) ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ

သရက်ချောင်း ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့် များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအားယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်းရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါး မျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် (၄၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၃၀၀)အိတ်ကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စုရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)