ထားဝယ် ဩဂုတ်၂
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှဦးစီး၍ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
မီးသတ်စခန်းအသီးသီးတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ရှာဖွေကယ်ဆယ်ရေးရေယာဉ် အမျိုးမျိုး အတွက် စက်လှေမောင်းတာဝန်ထပ်မံတာဝန်ချထားနိုင်ရန်နှင့် စက်လှေများ ကိုင်တွယ်မောင်းနှင်ရာတွင် ရေယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ်သဘော တရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ရေပြင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေများကို ကျွမ်းကျင်စွာမောင်းနှင်တတ်စေရန်ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းမီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများက ထားဝယ်မြစ်အတွင်း စက်လှေများဖြင့်ရှေ့/နောက် တစ်စီးချင်းမောင်းနှင်ခြင်း၊ နှစ်စီးရင်ဘောင်တန်းမောင်းနှင်ခြင်း၊ လေးစီးရင်ဘောင်တန်းမောင်းနှင်ခြင်း၊ မီးလောင်နေသောရေယာဉ်အား မီးငြှိမ်းသတ်ခြင်း၊ ရေနစ်နေသူအားအသက်ကယ်ဘောကွင်းအသုံးပြုကယ်ဆယ်ခြင်းနှင့် Intelligent Lifebuoy အသုံးပြု၍ ကယ်ဆယ်ခြင်း စသည့်ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်များ လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။
သင်တန်းတွင်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားအင်အား (၅၀)ဦးအား ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့်ဘုတ်ပြင်းခရိုင်တို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့ထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)