ထားဝယ် ဩဂုတ် ၂
ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အခြေခံပညာကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲသည် လာမည့်စက်တင်ဘာ လတွင်ကျင်းပမည့် မြို့နယ်ပေါင်းစုံဘော်လီဘော ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ထူးချွန်ကျောင်းသူ/ကျောင်းသားဘော်လီဘောကစားသမားများ ရွေးထုတ်သည့်ပွဲဖြစ်သလို ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်နှင့် ကျောင်းသားအားကစား ပွဲတော်တွင် တိုင်းဒေသကြီးကိုယ်စားပြု ဘော်လီဘောအားကစားသမားများရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ဘော်လီဘောအားကစားသမားလူငယ်များ ဖော်ထုတ်သွားနိုင်ရန်၊ အားကစားနည်းတစ်ခုကို စိတ်ပါဝင်စားစွာလိုက်စား ကစားရင်းဖြင့် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့နိုင်စေရန်၊ ဘော်လီဘောအားကစားကို ပြည်သူတစ်ရပ်လုံး၊ နိုးကြားတက်ကြွစွာ အားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သောအားကစားသမားများ ပေါ်ထွန်းလာပြီး ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေး အထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးကျောင်းသားအားကစားပြိုင်ပွဲနှင့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးအမျိုးသမီးဘော်လီ ဘောအသင်းအနေဖြင့် (၂)နှစ်ဆက်တိုက် ပထမတံခွန်ဒိုင်းဆုဆွတ်ခူး ရရှိသည့်အတွက် ယခုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစားသမားများအနေဖြင့် လာမည့်ကျောင်းသားအားကစားပွဲတော်တွင် ဆက်လက်အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လာမည့်ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်နှင့် ကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီးအမျိုးသား/အမျိုးသမီးဘော်လီဘောအသင်းအောင်မြင်မှု ရရှိရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားသမားများပါ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် ဘော်လီဘော အားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ပထမပွဲစဉ်အဖြစ် အမျိုးသမီးအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အ.ထ.က(၃)အသင်းက အနိုင်ရရှိသည်။
အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင်အမျိုးသား(၉)သင်း၊ အမျိုးသမီး (၇) သင်း ဖွဲ့၍ ဩဂုတ်လ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)