ကြို့ပင်ကောက် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗောဓိရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝါဆိုသင်္ကန်း (၁၆)စုံနှင့် လှူဖွယ်ဝတ္ထုငွေ (၅၀၀၀၀၀)ကျပ်အား အသီးသီးဆပ်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဓနာတရားနာယူ၍ ဗုဒ္ဓသာသနံစီရံတိဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)