ကဝ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နဘဲပင်ကျေးရွာအုပ်စုတွင် ပဲခူးမြစ်ရေများဝင်ရောက်လာမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းကျေးရွာများမှပြည်သူများ ယမန်နေ့နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်၊ နဘဲပင်ကျေးရွာအုပ်စုတွင် ပဲခူးမြစ်ရေများဝင်ရောက်လာမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းကျေးရွာများတွင် ရေများ (၅)ပေခန့်ဝင်ရောက်လာပြီး လူနေအိမ် (၂၉)လုံး ရေနစ်မြုပ်ခဲ့ပြီး လူဦးရေစုစုပေါင်း (၁၀၂)ဦးမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ အားပေးစကားပြောကြားပြီး ထမင်းထုပ်နှင့် ရေသန့်ဘူးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)