ပဲခူး သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၁)ရက်နေ့က သဘာဝကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့သည် ပြန်လည်စတင်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင်သည့် နေရာများတွင် သန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းပိတ်ရက် အစားထိုးသင်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ သီးနှံစိုက်ခင်း အမျိုးအစားအလိုက် ရေနစ်မြုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီးဧကစာရင်းများ စနစ်တကျပြုစုထားရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်သည့် ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပြီး ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ရေကြီးနစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုစသည့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံးသို့ လာရောက်လှူဒါန်းသည့် စေတနာရှင်ပြည်သူများ၏ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)မှ ပဲခူးမြစ်ရေစီးထွက်နေမှု၊ ပင်စည်ရပ်ကွက်အတွင်း ကားလမ်းရေကျော်နေမှု၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေးဂိတ် ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး သတိပေးအမှတ်အသားများ စိုက်ထူခြင်း၊ ညအချိန်ရောင်ပြန်များ တပ်ဆင်ခြင်းနှင့် ယာဉ်လမ်းပြများထားရှိနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဖောင်တော်ဦး ကျောင်းသစ်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး ပဓာနနာယကဆရာတော်အား နဝကမ္မအလှူငွေနှင့် ရေဘေးသင့်ပြည်သူများအတွက် စားသုံးကုန်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏ ဆန်ရိက္ခာဖိုးတစ်ပတ်စာထောက်ပံ့ပေးအပ်ခဲ့ကာ ကလေးများအတွက် အာဟာရမုန့်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်အတွင်း ပဲခူးမြစ်ရေဝင်ရောက်နေမှုအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)