လွိုင်ကော် ဩဂုတ် ၂
ကယားပြည်နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ စိတ်နှလုံးအေးချမ်းစွာဖြင့် ဝါတွင်းကာလ၌ သီတင်းသီလများဆောက်တည်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆွမ်းဆန်တော်၊ ဆီ ၊ ပဲနှင့်ဆားများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရွှေကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်အပေါင်းတို့မှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဩဝါဒါစရိယ ၊ သီရိမင်္ဂလာပုံဟော်ကြီး ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲနှင့် ဆားများ ဆက်ကပ်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးက လွိုင်ကော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ အတွက်လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဒီးမော့ဆိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ အတွက်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က ဘောလခဲခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက်လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကယားပြည်နယ်သံဃာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တသီဟနန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညိုခဲ့ကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်အပေါင်းမှ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ရဟန်း ၊ သာမဏေ ၊ သီလရှင် စုစုပေါင်း(၃၆၈)ပါးအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ၊ ဆားများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုစုစုပေါင်း ငွေကျပ်တန်ဖိုးမှာ (၁၈၀၆၈၈၀၀ )သိန်းဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)