မြောင်းမြ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့က ကြီးမှူးကျင်းပသည့် မြို့နယ်အတွင်း ဘုန်းတော်ကြီးစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်စိမ်းများ လှဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလှူဒါန်းခဲ့သည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားစတင်ခဲ့ပြီး၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဇေယျမေဒနီပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ဆရာတော်တော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အလယ်တောရ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာတရားနားကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းများအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းစန်းဌေးမှ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က မြောင်းမြမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးစာသင်တိုက် (၇) တိုက်မှ သံဃာတော် (၄၈၁) ပါးနှင့် သီလရှင်စာသင်တိုက် (၅) တိုက်မှ သီလရှင် (၁၁၀) ပါး၊ စုစုပေါင်း (၅၉၁) ပါးတို့အား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း (၁၂) ပြည်ဝင်တစ်အိတ်စီ လောင်းလှူခဲ့ကြောင်းသိရသည်။
ဇေယျာ (မြောင်းမြ)