စစ်ကိုင်းမြို့၊ ရှင်ချမ်း(မေတ္တာရိပ်) ပရဟိတဂေဟာရှိ ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

စစ်ကိုင်း သြဂုတ် ၂

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်ချမ်း(မေတ္တာရိပ်) ပရဟိတဂေဟာရှိ (၅)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါပရဟိတဂေဟာတွင် ဆောင်ရွက်ခဲ့ကြသည်။

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းလင်းချစ်၊ ဒေါက်တာသော်တာထက်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပရဟိတ ဂေဟာရှိ (၅)နှစ်အောက်ကလေးငယ်(၈၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာများ ဟောပြောဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်နေပြည်သူများ၊ ကလေးငယ်များ၊ အဆင့်မြင့်ပညာကျောင်းများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးနေသလို ရုံးဖွင့်ရက်များတွင်လည်း ရုံးတွင် ကြည့်ရှုစောင့်ရှောက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်