လွိုင်ကော် ဩဂုတ် ၂
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် KNDF ၊ KNPP ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ ဒေါဆန်းဘွန်းကျေးရွာ၊ ထူဒူငံသကျေးရွာများရှိ ပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ အစားအသောက်များ အတင်းအဓမ္မပို့ဆောင်ခိုင်းခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ လွိုင်ကော်မြို့ပေါ်သို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု(၂၃၀)စု၊ ပြည်သူ(၇၃၀)ဦးတို့အား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက အိမ်ထောင်စုစာရင်းများ ကောက်ယူပြုစုခြင်း၊ အချက်အလက်များမှတ်တမ်းတင်ခြင်း၊ နယ်မြေခံတပ်ရင်းများမှ ထမင်းထုပ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူများရှိရာ နေရာများသို့ စနစ်တကျပို့ဆောင်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ရှိ မင်္ဂလာဂန္ဓာရုံစာသင်တိုက်သို့ သွားရောက်၍ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနှင့် ဒေါဆန်းဘွန်းကျေးရွာမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများပေးအပ်ကာ ပြည်သူများ၏ တင်ပြချက်များအပေါ်တွင် လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ယာယီနေရာချထားသည့် တောင်တန်းသာသနာပြုဗဟိုတပ်ဦးကျောင်းသို့ သွားရောက်ခဲ့ပြီး ပန်ကန်းကျေးရွာနှင့် ထူဒူငံသကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေ ပေးအပ်ကာ ပြည်သူများ၏ တင်ပြချက်များအပေါ်တွင် လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။ ၎င်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)