မကွေး ဩဂုတ် ၂
မကွေးမြို့အား ပလတ်စတစ်ကင်းစင်သည့် မြို့တစ်မြို့ဖြစ်လာစေရေးအတွက် ပလတ်စတစ်များ၊ တစ်ခါသုံးကြွပ်ကြွပ်အိတ်များနှင့် ရေသန့်ဘူးများသုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မကွေးမြို့ရှိ ကန်သာဈေး၊ မြို့မဈေး၊ မင်္ဂလာဈေး၊ ရန်ပယ်ဈေးနှင့် ပြည်တော်သာဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသိပညာပေး ပိုစတာများစိုက်ထူခြင်း၊ ဈေးရောင်း၊ ဈေးဝယ်များအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်အစားထိုးအိတ် (Recycle bags) များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
မကွေးမြို့အား ပလတ်စတစ်ကင်းစင်သည့် မြို့တစ်မြို့ဖြစ်လာစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် အသိပညာပေးကာလကို ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလသတ်မှတ်၍ အပတ်စဉ်သောကြာနေ့တိုင်း (Stop Using Plastric Day)အဖြစ် အဆိုပါဈေး(၅)ဈေးတွင် တစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
အောင်ကို(ဖန်ခါးမြေ)