ကြံခင်း ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာမိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ခင်ငြိမ်းဌေးက ကျန်းမာဆိုင်ရာ အသိပညာပေးဟောပြောပြီး မြို့မရပ်ကွက်ရှိ မွေးကင်းစမှ(၁)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး(ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အဆိုပါဆောင်ရွက်နေမှုအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ကြသည်။
အလားတူ တလိုင်းကွင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၂)နှစ်မှ(၁)နှစ်ခွဲကလေးငယ်များ ထိုးနှံပေးလျက်ရှိရာ ကျား ၅ ဦး၊ မ ၇ ဦး စုစုပေါင်း ၁၂ ဦးအားလည်းကောင်း၊ မြို့မရပ်ကွက် ကျား ၁၉ ဦး၊ မ ၆ ဦး စုစုပေါင်း ၂၅ ဦး နှင့် ကိုယ်ဝန်ဆောင် ၉ ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)