ရွှေတောင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင်  သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူးရေးအထက်တန်းကျောင်း ရတနာခန်းမတွင်  ယမန်နေ့နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီဝင်းမှ ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ထို့​နောက် ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆက်ပိုင်က သစ်တောသစ်ပင်များ၏ ကောင်းကျိုးရလဒ်များနှင့် သစ်တောပြုန်းတီးမှုကြောင့် ဆိုးကျိုးများအကြောင်း သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းသင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများအား စာရေးကိရိယာများပေးအပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၊ ပြုစုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများအားသိရှိစေရန်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များတွင် သစ်တောများ၏အရေးပါမှုအား သိရှိနားလည်လာစေရန်၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကိုသိရှိလာစေရန်၊ သစ်တောများမှပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများအား သိရှိနားလည်လာစေရန်၊ သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကို ပြည်သူလူထုအတွင်း နိုးကြားထကြွသည့်အသိ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)