ဟားခါး သြဂုတ် ၂
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက် နှင့် သြဂုတ် ၁ ရက်နေ့များတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ပြည်နယ် အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ဌာနများအနေဖြင့် မိမိတို့အထက်ဌာန၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်နှင့်မူဝါဒများကို သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဝန်ထမ်းများ တွေ့ဆုံသည့်အခမ်းအနားဖြစ်သဖြင့် ဌာနများအနေဖြင့် တင်ပြလိုသည့်အချက် များကို တင်ပြခွင့်ရရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့က လက်လှမ်းမမီနိုင်သည့် မြေပြင်အခြေအနေများကို သိရှိခွင့်ရရှိမည့်ဖြစ်သည့်အတွက် များစွာ အကျိုးရှိပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်မူဝါဒများ၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ်များနှင့် မူဝါဒ၊ လုပ်ငန်းတာဝန်များအပေါ် ပထမ (၃) လပတ်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်စီမံကိန်းဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှူး ဦးကျော်ဇင်ဦးတို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)