ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် ကလောင်စုံရေးသားသော ‘မျိုးဆက်သစ်ရင်ပြင်’ ဝတ္ထုစာအုပ်ပေါင်းချုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့ရာ Book Club ဥက္ကဋ္ဌ ဦးအေးမြင့်အောင် (မိုးမြေသစ္စာ) က မြရီထွန်းရေးသားသော ‘ရည်မှန်းချက်လေးကြည့်ပါရစေ’ ဦးဆောင်ဆွေးနွေးပြီး ဦးမျိုးဝင်း (ဆောင်းနတ်ရှင်) က ဆုဆုတာရေးသားသော ‘အများအကျိုးဆောင်ရာဝယ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြတ်ထွန်းက ဆူးဧကရီရေးသားသော ‘အလုပ်ကိုလေးစားပါ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတိုးတိုး(ဆရာတိုးပညာရေး)၊ Women Club အဖွဲ့ဝင် ဒေါ်ဆန်းဆန်းသစ်၊ ဒေါ်စန်းစန်းအေးနှင့် ဒေါ်လှလှအေးတို့က စာအုပ်ပါခေါင်းစဉ်များဖြင့် ဆက်လက်ဆွေးနွေးကြကာ တက်ရောက်လာကြသော Book Club, Women Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဆွေးနွေးပွဲ့သို့တက်ရောက်လာကြသူများမှ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသစာအုပ်စာစောင် များအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို Book Club, Women Club အဖွဲ့ဝင် ၁၅ ဦးတက်ရောက် ဆွေးနွေးခဲ့ကြ သည်။ ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်ကလစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ် သိရှိအောင် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်းနှင့် လူငယ်များအသိပညာဗဟုတကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)