ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သွားလာမှု အဆင်ပြေစေရေး ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိ

ဒေးဒရဲ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် ရပ်ကွက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေး ရည်ရွယ်၍ မြို့တွင်းရပ်ကွက်များတွင် ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီခွဲက ​မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးဝဏ္ဏထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ (၂၀၂၄- ၂၀၂၅)ခုနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ငွေကျပ် (၁.၂၁၇) ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ် () ရပ်ကွက်၊ ရုံးကြီးကွက်သစ် (၆) လမ်းအား လျား (၃၄၁) ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ငွေကျပ် (၂.၆၄) သန်းဖြင့် ရုံးကြီးကွက်သစ် (၇)လမ်းအား အလျား(၅၈၇)ပေ၊ အကျယ် (၁၀) ပေ၊ ထု (၆) လက်မရှိ ကွန်ကရစ်လမ်းများ တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်း သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်အတိုင်းအတာ ပြည့်၊ မပြည့်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်

ဒေးဒရဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာရေး၊ ပြည်သူများ လူနေမှုဘဝမြင့်မားလာစေရေး၊ မြို့တွင်းလမ်းများ ကောင်မွန်စေရေးနှင့် ရေကြီးရေလျံမှုများ မဖြစ်ပေါ်စေရေး ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခင်းကျင်းခြင်း၊ BoX Culvert တည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပေးခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း