တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ မြိတ်တက္ကသိုလ်တွင် ကျင်းပ

မြိတ် ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တက္ကသိုလ် ကျောင်းသား/သူ တိုင်းရင်းသားပေါင်းစုံမှ “ပြည်ထောင်စုရဲ့ထာဝရအလှ” တေးသီချင်းအကအလှဖြင့် ဟော‌ပြောပွဲကို ဖွင့်လှစ်ခဲ့ကြသည်။

နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်များအနေနှင့် ဉာဏ်ရည်ထက်မြက်၍ စဉ်းစားတွေးခေါ်မှုမြင့်မားပြီး ဗလငါးတန်နှင့်ပြည့်စုံတဲ့ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝပြီး မှန်ကန်သည့်အတွေးအခေါ်တွေနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

ဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ကျောင်းသားလူငယ်တွေအနေနှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်များမှန်ကန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ် မိမိနိုင်ငံနှင့်မိမိလူမျိုးအပေါ် ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်ဓာတ်၊ အမျိုးဘာသာ၊ သာသနာ၊ စာပေနှင့်ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်များ ဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့အမိမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်သည် အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာကြမည့် သားတို့သမီးတို့ တာဝန်ပဲဖြစ်‌ကြောင်း၊ အနာဂတ်မှာ နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်းတာဝန်ယူကြရမဲ့ သားတို့သမီးတို့ဟာ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစည်းလုံးညီညွတ်စွာနဲ့ ဥမကွဲသိုက်မပျက် တိုင်းပြည်နဲ့လူမျိုးအတွက် မိမိတို့တတ်စွမ်းသမျှ ကိုယ်စွမ်းအား ဉာဏ်စွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြပါလို့” တိုက်တွန်းစကား ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး  မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က ဟောပြောပို့ချမည့် ဆရာကြီး/ဆရာမကြီး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့ပြီး ဟောပြောပွဲကိုစတင်ခဲ့သည်။

ဟောပြောရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဆရာမကြီးဒေါက်တာ ရင်ရင်နွယ်နှင့် ဆရာကြီးဒေါက်တာ ဆလိုင်းအင်ဒရူးငွန်ကျုံးလျန်တို့က ကျောင်းသားလူငယ်များအား ဒေသန္တရဗဟုသုတများကို အသိပညာပေးခဲ့ကြရာ တက်ရောက်လာကြသူများနှင့် ကျောင်းသား/သူများက သိလိုသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဆရာမကြီးဒေါက်တာ ရင်ရင်နွယ်နှင့်ဆရာကြီးဒေါက်တာ ဆလိုင်းအင်ဒရူးငွန်ကျုံးလျန်တို့အား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြပြီး ဆရာမကြီးဒေါက်တာ ရင်ရင်နွယ်က တက္ကသိုလ်စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် အလှူငွေ ကျပ် (၁၀)သိန်း လှူဒါန်းခဲ့သည်။ ယင်းနောက် တက္ကသိုလ်အနုပညာအသင်း၏ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အသိပညာပေးဟောပြောပွဲကို ဖိတ်ကြားထားသူများ၊ ဆရာ/မများနှင့်၊ ကျောင်းသား/သူ (၈၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)