ရေနံချောင်း ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် နိုင်ငံတော်အစိုးရမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ပြီး စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှားအမှန်ဝေဖန်ခွဲခြားတတ်ကာ အတွေးခေါ်ကောင်းများရရှိစေရန်အတွက် ပေးပို့လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်စာစောင် စုစုပေါင်း ၄၀၀ ကို မြို့နယ်အတွင်း ရှင်သန်နေသည့် စံညီစာကြည့်တိုက် ၁၃ တိုက်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်တာဝန်ခံများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)